PHOEWA.com links        Welcome Guest
Home   |   Articles   |   News   |   Interview   |   New Products   |   Currency Converter
 ချမ်းသာခြင်း၏ ဒုက္ခ
 ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင်
 စီးပွားရေးဈေးကွက်ဝင်နေပြီဖြစ်တဲ့ ပန်းချီပညာ
 Cyber Café ဖွင့်ကြမယ်ဆိုရင်
ချမ်းသာခြင်း၏ ဒုက္ခ

တရုတ်နိုင်ငံ၏ နိုင်ငံခြား ငွေကြေး သိုမှီး ပိုင်ဆိုင်မှု ပမာဏသည် မယုံနိုင်စရာ နှုန်းဖြင့် မြင့်တက်လျှက် ရှိပေသည်။

တရုတ်နိုင်ငံသည် ယင်း၏ များပြားလှသော အရန်နိုင်ငံခြားငွေ ပမာဏအား လျှော့ချရန် ကြိုးပမ်း ခဲ့သော်လည်း ဧပြီလ အကုန်တွင် အမေရိကန်ဒေါ်လာ ၁.၇၆ ထရီ လီယံ ပမာဏသို့ ရောက်ရှိခြင်းဖြင့် နောက်ထပ် စံချိန် ချိုးသွားခဲ့ပြန်သည်။ သတင်း စာများ၏ ဖော်ပြချက်အရ ယခုအခါ တရုတ်နိုင်ငံသည် တစ်နာရီလျှင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ နှုန်းဖြင့် နိုင်ငံခြားငွေများ စုဆောင်းလျှက် ရှိကြောင်း သိရသည်။ ဤမျှလောက် မြန်ဆန်သော နှုန်းထားသည် မေးခွန်းပေါင်း များစွာကို ဖြစ်ပေါ် စေခဲ့သည်။ တရုတ်သည် အရန်နိုင်ငံခြားငွေများ ထောင်ပုံရာပုံ ရှိနေခြင်း အတွက် ဘာများ လုပ်နိုင်ပါမည်နည်း? မူဝါဒ ချသူများအား တစ်ကြိမ်တည်းဖြင့် လုံလောက် သော ရီမင်ဘီတန်ဖိုး ပြန်လည် သတ်မှတ်ခြင်း ပြုလုပ်ရန် ဖိအား ပေးလာနိုင်မည်လော? အရန် နိုင်ငံခြားငွေများ အဆမတန် များပြားနေခြင်းသည် ပြည်တွင်းငွေကြေး ဖောင်းပွခြင်း ဖြစ်ပေါ်ရန် မီးထိုးပေးနိုင်သလော?

ထိုမေးခွန်းများအား အဖြေမထုတ်မီ တရုတ်၏ နိုင်ငံခြားငွေကြေး သိုမှီး ပိုင်ဆိုင်မှု အပေါ် ရှုမြင်သုံးသပ်ရပေမည်။ ပထမဆုံးအနေဖြင့် တရုတ်အစိုးရသည် နိုင်ငံပိုင် ဘဏ်များအား ပြည်ပ စတော့အိတ်ချိန်းများတွင် စာရင်းဝင်ရန် ရင်းနှီး မြှုပ်နှံခြင်းနှင့် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိသည့် နိုင်ငံထိပ်တန်း ဘဏ္ဍာရေးရံပုံငွေဖြစ်သော တရုတ်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CIC) တည်ထောင် ခြင်း တို့အတွက် ကုန်ကျစရိတ်သည် ယင်းများပြားလှသော အရန် နိုင်ငံခြားငွေ ပမာဏအား အရာပင် မယွင်းစေနိုင်ခဲ့ပေ။ ဒုတိယအချက် အနေဖြင့် လက်ရှိ အရန်နိုင်ငံခြားငွေ ပိုင်ဆိုင်မှုအခြေအနေသည် တရုတ်တစ်နိုင်ငံလုံး၏ တစ်နှစ်ခွဲစာ သွင်းကုန်ပမာဏအတွက် ပေးချေနိုင်စွမ်း ရှိပေသည်။ ယေဘုယျအားဖြင့် စီးပွားရေး ပညာရှင်များသည် နိုင်ငံတစ်နိုင်ငံအား ယင်း၏ ၃ လမှ ၆ လစာအထိ သွင်းကုန် ပမာဏအား ပေးချေနိုင်ရန် လုံလောက်သော အရန် နိုင်ငံခြားငွေ ပမာဏကိုသာ စုဆောင်းရန် အကြံပြုလေ့ရှိကြသည်။ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ၂၀၀၇ ခုနှစ်အကုန်တွင် ပြည်ပသို့ ပေးရန်ရှိနေသည့် အကြွေးပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၃၄၅ ဘီလီယံသည် ယင်း၏ အရန်နိုင်ငံခြားငွေပိုင်ဆိုင်မှု၏ ၂၀ ရာခိုင်နှုန်းအောက်သာ ရှိပေသည်။ မည်သည့်နည်းဖြင့် တိုင်းတာသည်ဖြစ်စေ တရုတ်နိုင်ငံ၏ အရန်နိုင်ငံခြားငွေပိုင်ဆိုင်မှုသည် မလိုအပ်ဘဲ များလွန်းလှပေသည်။

ထိရောက်မှုမရှိလှသော မဟာဗျူဟာများ

တရုတ်နိုင်ငံ၏ အရန်နိုင်ငံခြားငွေ စုဆောင်းမှုနှုန်းအား လျှော့ချရန် ဆောင်ရွက်နေသည့် လက်ရှိမဟာဗျူဟာများသည် ထိရောက်မှု မရှိလှသည်မှာ မြင်သာပေသည်။ ပို့ကုန်လုပ်ငန်းအတွက် အစိုးရမှ ကျခံထောက်ပံ့ပေးမှုအား ဖြတ်တောက် လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ ကြီးမားလှသော ကုန်သွယ်မှုပိုငွေ သို့မဟုတ် ပို့ကုန်မှ ၀င်ငွေပမာဏအား သိသိသာသာ လျှော့ကျသွားစေခြင်း မရှိပေ။ လွန်ခဲ့သော သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် ရီမင်ဘီတန်ဖိုး မြင့်တက်ခဲ့ခြင်းသည်လည်း ထူးထူးခြားခြား ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ လွန်ခဲ့သောနှစ်နှစ်အတွင်း တရုတ်အစိုးရသည် ပြည်တွင်းလုပ်ငန်းများနှင့် ပြည်သူများအား ပြည်ပသို့သွားရောက်၍ နိုင်ငံခြားဖြစ် ပစ္စည်းများ ၀ယ်ယူရန် သို့မဟုတ် ခရီးသွားရန်နှင့် ပညာသင်ရန် တက်ကြွစွာ အားပေးအားမြှောက်ပြုခဲ့သော်လည်း အရန်နိုင်ငံခြားငွေ ပမာဏသည် တိုးမြဲသာ တိုးနေခဲ့သည်။

ထို့ထက်ပို၍ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိပါက ယခုနှစ် အတွင်းတွင် တရုတ်နိုင်ငံ၏ အရန်နိုင်ငံခြားငွေ ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိတိုင် ရောက်ရှိနိုင်ပေသည်။ ကုန်သွယ်မှုပိုငွေသည် ရှိမြဲဆက်ရှိနေနိုင်ပြီး ယင်းတို့အား စုဆောင်းထားခြင်းကြောင့် အတိုးမှ ရသော ၀င်ငွေများ ဖြစ်ပေါ်လာ ရပေသည်။ တရုတ် မူဝါဒ ချသူများ အတွက် အဓိက စိုးရိမ်ဖွယ် အချက်မှာ နိုင်ငံခြား ငွေကြေးများ စီးဝင်လာမှု၏ ပြည်တွင်း ငွေကြေး ဖောင်းပွမှုအပေါ် သက်ရောက်မှုပင် ဖြစ်သည်။ တရုတ်ပြည်သူ့ဘဏ် (PBC / ဗဟိုဘဏ်) သည် ယနေ့ အချိန်အထိ အရန် နိုင်ငံခြားငွေ စုဆောင်းမှုအား အကြီးအကျယ် ဖြတ်တောက်မှု အောင်မြင်ခဲ့ပြီး တင်းကြပ်သော ရင်းနှီးငွေ ထိန်းချုပ်မှုကို ထိန်းထား နိုင်ခဲ့သည်။ သို့သော်လည်း ငွေများ နိုင်ငံအတွင်းသို့ ဆက်လက် ယိုဖိတ် ၀င်ရောက် နေခြင်းကြောင့် အထက်ပါ ကြိုးပမ်းမှုများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသည်။ PBC သည် များပြားလှသော ငွေကြေး ပမာဏအား ထိန်းချုပ်နိုင်ရန် ဘဏ်များ၏ ငွေကြေး အရန်ထားရန် လိုအပ်မှု အချိုးအား လွန်ခဲ့သော နှစ်နှစ်အတွင်း ၁၆ ဆ တိုးမြှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် ဘဏ်ငွေချေးမှုများအား ထိန်းချုပ်ခြင်း သို့မဟုတ် အရန် နိုင်ငံခြားငွေများ ပြည်တွင်း စီးပွားရေးကဏ္ဍသို့ စိမ့်ဝင်ခြင်းအား ကာကွယ်ခြင်းတို့တွင် PBC ၏ လုပ်ဆောင်နိုင်မှု အတိုင်းအတာ အဆုံးအစွန်အထိ ရောက်ရှိလာခဲ့သည်။

CIC ၏ အစောပိုင်း ဒုက္ခများသည် ဤမျှ ကြီးမားလှသော အရန် နိုင်ငံခြားငွေ ပမာဏအား ကိုင်တွယ်ရန် ခက်ခဲမှုအား ပြသသည့် နောက်ထပ် သက်သေသာဓက တစ်ခုပင် ဖြစ်သည်။ ၎င်းတို့၏ ဦးပိုင် လုပ်ငန်းကြီးများအား အမေရိကန် ဘဏ္ဍာ တိုက်များနှင့် အခြားသော အနောက်နိုင်ငံ အစိုးရတို့၏ ကြွေးမြီများနှင့် ဝေးဝေးထားရန် လိုအပ်မှုသည် တရုတ်တို့၏ ပထမဆုံး ထိပ်တန်း ဘဏ္ဍာရေး ရံပုံငွေ ထူထောင်ခြင်း အတွက် အဓိက တွန်းအားပင် ဖြစ်ပေသည်။ သို့သော်လည်း CIC ၏ အမေရိကန် ပုဂ္ဂလိက ရှယ်ယာ ရံပုံငွေ တစ်ခု ဖြစ်သည့် Blackstone Group နှင့် အမေရိကန် ရင်းနှီး မြှုပ်နှံမှုဘဏ် Morgan Stanley တို့တွင် ရင်းနှီး မြှုပ်နှံခဲ့သည့် နာမည်ကြီး ထမင်းငတ် လုပ်ဆောင်ချက်ကြောင့် တရုတ်နိုင်ငံအတွင်း ဝေဖန်မှုများ လှိုင်လှိုင် ထွက်ပေါ် လာခဲ့သည်။ CIC ၏ ထိုလုပ်ဆောင်ချက် နှစ်ရပ်သည် ကံဆိုးမှုသာ ဖြစ်နိုင်ဖွယ် ရှိနေချိန်တွင် ယင်းလုပ်ငန်းများမှ လက်ခံနိုင်လောက်သော နှုန်းထားဖြင့် ပုံမှန် အကျိုးအမြတ် ရရှိနိုင်မည်ဟု တရုတ်လူမျိုး အနည်းငယ်ကသာ ယုံကြည်ခဲ့ကြသည်။ (CIC ၏ အဓိကနေရာအများစုတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူများထက် နိုင်ငံရေးအရ ခန့်အပ်ထားသူများဖြင့်သာ ပြည့်နေခဲ့သည်ကို ပြည်သူအများက သိနေခဲ့၍လည်း ဖြစ်နိုင်ပေသည်။)

အကယ်၍ တရုတ်နိုင်ငံသည် အရန် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု ပမာဏအား လျှော့ချရန် အမှန်တကယ် ဆန္ဒရှိသည် ဆိုပါက ရွေးချယ်စရာ နှစ်လမ်းသာ ရှိနိုင်ပေသည်။ ရီမင်ဘီတန်ဖိုး မြင့်တက်မှုကို အရှိန်တင်ခြင်း သို့မဟုတ် ရင်းနှီးငွေ ထိန်းချုပ်မှုအား ယခုထက်ပို၍ လျှော့ပေါ့ပေးခြင်းတို့ ဖြစ်ပေသည်။ ဒုတိယ လုပ်ဆောင်ချက်သည် ယခုနှစ်တွင်တော့ ဖြစ်နိုင်မည်ပုံ မပေါ်ပေ။ တရုတ်စတော့ဈေးကွက် ကျဆင်း နေခြင်းကြောင့် ရင်းနှီးငွေများ ပြင်ပသို့ ထွက်ရန် အားပေးသည့် မည်သည့် မူဝါဒကိုမဆို နိုင်ငံရေး သဘောအရ ချေပနိုင်စွမ်း မရှိပေ။ တရုတ်နိုင်ငံအနေဖြင့် ပိုမိုအားကောင်းသော ရီမင်ဘီဆိုင်ရာ မူတစ်ခုကို ချမှတ်နိုင်ပေသည်။ သို့သော်လည်း အချို့ မူဝါဒချမှတ်သူများက ပြုလုပ်ခဲ့ပြီးဖြစ်သည့် ငွေကြေးတန်ဖိုးမြှင့်တင်ခြင်းကြောင့် ထိခိုက်ခဲ့သော ကဏ္ဍများအတွက် ပို့ကုန်ထောက်ပံ့ငွေ ပေးခြင်းကို ပြန်လည် အသက်သွင်းရန် ဆန္ဒရှိကြပုံပေါ်သည်။ ဥပမာ - အထည်ချုပ်လုပ်ငန်း ဆုံးရှုံးမှုများအား အလျှော်ပေါ်နိုင်ရန် အစိုးရအနေဖြင့် ယင်းလုပ်ငန်းကဏ္ဍအတွက် ပို့ကုန်ခွန် ပြန်အမ်းငွေပမာဏအား ၂ ရာခိုင်နှုန်း တိုးမြှင့်နိုင်ပေသည်။ သို့သော်လည်း ထိုသို့ ပို့ကုန်လုပ်ငန်းရှင်များအား ကူညီခြင်းကြောင့်ပင် ငွေကြေးတန်ဖိုးမြင့်တက်ခြင်းကို အနည်းငယ် အရှိန်တက်လာစေနိုင်ပေသည်။ အမှန်တကယ်တော့ တရုတ်နိုင်ငံသည် ယင်း၏ အရန်နိုင်ငံခြားငွေပမာဏအား လျှော့ချရန် နိုင်ငံရေးအရ လုပ်ဆောင်နိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါသည်။

အကျိုးဆက်အားဖြင့် တရုတ်နိုင်ငံသည် ပိုမိုမြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အရန် နိုင်ငံခြားငွေ စုဆောင်းမှုနှုန်းသည် အရှိန်လျော့ကျရန် လက္ခဏာမရှိသောကြောင့် တရုတ်နိုင်ငံအနေဖြင့် အချို့ငွေကြေးများအား လူမှုရေး လုပ်ငန်းများအတွက် အသုံးချရန် စိတ်ဝင်စားလာနိုင်ပေသည်။ သာဓကအားဖြင့် အစိုးရထိန်းချုပ်ထားသော လောင်စာဆီနှင့် လျှပ်စစ်ဓါတ်အားခများအား မလွှဲသာမရှောင်သာ ချိန်ညှိရသည့်အခါ ဆင်းရဲသားများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ပေသည်။ သို့ဆိုလျှင် အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်းအဆအားလုံးအား မစွန့်ပစ်မိစေရန် အထူးဂရုပြုရမည် ဖြစ်ပေသည်။ သို့မဟုတ်လျှင် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ခံနိုင်ရည်ရှိမှုအဆင့်သည် လာမည့် လများအတွင်း ပို၍ပြင်းထန်သော စမ်းသပ်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

* Ref: "An embarrassment of riches" from the Economist Intelligence Unit ViewsWire
Written by: Ye` M. Thwin
BCSc, PgD in Strategic Business IT
Myanmar National Strategic Study Team
Posted:16th August 2008
advertisements
Home Business Entertainment Fashion Forum Horoscope News Sports Travels